ခေါင်းဆောင်တိုင်းမလွဲမသွေကြုံတွေ့ရမယ့်အရာကတော့ပြဿနာတွေ ပဲဖြစ်ပါတယ်။
ခေါင်းဆောင်မှုခရီးစဉ်မှာကြုံတွေ့လာတဲ့ ပြဿနာ တိုင်း ကို ဖြေရှင်းရမှာက
ခေါင်းဆောင်ကောင်းတိုင်းရဲ့ တာဝန်တစ်ခုပါ။ "ပြဿနာကို
ရှောင်လွှဲမယ်ဆိုရင်တော့ခေါင်းဆောင်ကောင်းတော့ ဖြစ်မှာ မဟုတ်ပါဘူး။
ခေါင်းရှောင်ကောင်းပဲဖြစ်မှာပါ။"
တကယ့်ကိုအောင်မြင်ကျော်ကြားတဲ့ခေါင်းဆောင်တိုင်းဟာပြဿနာတွေ
ကိုဖြေရှင်းတဲ့နေရာမှာထူးချွန်ထက်မြက်ကြပါတယ်။ ဒါကြောင့် ခေါင်းဆောင်
လုပ်တော့မယ့်သူတိုင်းဟာပြဿနာတွေကို "ဘယ်လိုရှုမြင်ရမယ်" ဆိုတာ နဲ့
"ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်" ဆိုတာတွေကိုသိရှိနားလည် ထားရပါလိမ့် မယ်။
ပြဿနာတွေရှိမှ ဘ၀ဟာအဓိပ္ပါယ်ရှိတယ်
သိမ်းငှက်တစ်ကောင်ဟာ လေမရှိဘဲ ကောင်းကင်မှာ မပျံသန်းနိုင်ပါဘူး။ အတိုက်အခံဖြစ်တဲ့လေဟာပျံသန်းရာမှာအဓိကလိုအပ်ချက်ဖြစ်လို့ ပါပဲ။
သင်္ဘောတစ်စီးဟာ ရေမရှိဘဲ ခုတ်မောင်းရွေ့လျားလို့ မရပါဘူး။ သိပ်သည်း
လွန်းတဲ့ပင်လယ်ရေကို ပန်ကာနဲ့ တိုးဝှေ့တွန်းတိုက်နေရတာက အဓိကရွေ့ လျားစေတဲ့
အချက်ဖြစ်လို့ပါပဲ။
ကြမ်းတမ်းတဲ့ကျောက်မျက်နှာပြင်မရှိဘဲထက်မြက်တဲ့ဓားတစ်ချောင်း
ဖြစ်လာမှာမဟုတ်ပါဘူး။ ချောမွေ့နူးညံ့တဲ့ဝါဂွမ်းနဲ့ဓားသွေးလို့မှမရတာကိုး။
ဒီလိုပါပဲ။ ဘ၀မှာ အခက်အခဲတွေ၊ ပြဿနာတွေမရှိဘဲ လူတစ်ယောက်ဟာမ
ထက်မြက်လာနိုင်ပါဘူး။ အခက်အခဲတွေ၊ ပြဿနာ တွေရှိနေတာ ဟာ အောင်မြင်ဖို့အတွက်
အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။ ဘာအခက် အခဲမှမရှိ၊ ဘာကျော်လွှားစရာမှမရှိရင်
လူတွေအားလုံး ရဲ့ စွမ်းဆောင် ရည်တွေဟာသုညအဆင့်ကိုရောက်ရှိကုန်မှာပါ။
ဖြေရှင်း စရာဘာပြဿနာမှ မရှိရင်တီထွင်ဖန်တီးနိုင်စွမ်းတွေအားလုံးလည်း
ကျဆင်းကုန်မှာဖြစ်ပါတယ်။
ပြဿနာတို့၊ အခက်အခဲတို့၊ အတားအဆီးတို့ ဆိုတာဟာ
"ကြောက်လန့်" ရမယ့်အရာတွေမဟုတ်ပါ။ "ကျော်လွှား" ရမယ့် အရာတွေသာ ဖြစ်ပါတယ်။
ဒါကြောင့်ဘ၀မှာအောင်မြင်လိုတဲ့သူ၊ ခေါင်းဆောင်လုပ် တော့မယ့် သူတိုင်း ဟာ
ပြဿနာကို ပိုက်ထွေးရဲရပါလိမ့်မယ်။
ခေါင်းဆောင် တစ်ယောက်ရဲ့
အရည်အချင်းကို ခန့်မှန်းနိုင်တာဟာ "ပြဿနာဖြေရှင်းနိုင်ခြင်း" သာဖြစ်ပါတယ်။
ပြဿနာတွေရှိနေခြင်းကြောင့် သာ ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်မှုဟာအရေးပါ
အရာရောက်တာ ဖြစ် ပါတယ်။ တကယ်လို့ဘာပြဿနာမှမရှိဘူးဆိုရင် ခေါင်းဆောင်လုပ်သူ
ရဲ့ အရည်အချင်းကို ဘယ်လို ခန့်မှန်းနိုင်ပါ့မလဲ။
တစ်ခါက
လူငယ်လေးတစ်ယောက်က အဘိုးအိုကြီးတစ်ယောက်ကို မေးပါ
တယ်။"အဘိုးအတွက်အလေးလံဆုံးဖိအားဟာဘာလဲ"တဲ့။ ဒီတော့ အဘိုးအို က
"ဘာမှသယ်စရာမရှိတာဟာအလေးလံဆုံးပဲကွ" လို့ ပြန်ဖြေခဲ့ပါတယ်။
ဒီလိုပါပဲ။ "ခေါင်းဆောင်မှုရဲ့ အဓိက ပြဿနာက ဘာလဲ" လို့ မေးရင် "ဘာပြဿနာမှဖြေရှင်းစရာမရှိတာဟာအဓိကပြဿနာပါ"လို့ ပြောလို့ရပါ တယ်။
မိသားစု အိမ်ထောင်တစ်ခုကို ဦးဆောင်တာဖြစ်စေ၊ ကုမ္ပဏီတစ်ခု၊ လုပ်ငန်း
တစ်ခု၊ အဖွဲ့အစည်းတစ်ခုကို ဦးဆောင်တာဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံ ကို
ဦးဆောင်တာဖြစ်စေခေါင်းဆောင်တိုင်းဟာ အခက်အခဲပြဿနာတွေ နဲ့ လုံးဝ
ရင်ဆိုင်ရမှာမြေကြီးလက်ခတ်မလွဲပါဘူး။ လူတစ်ယောက်စီတိုင်းမှာ လည်း
ပြဿနာတွေကိုယ်စီရှိကြပါတယ်။ စားဝတ်နေရေး၊ ကျန်းမာရေး၊ ငွေရေးကြေးရေး၊
လူမှုဆက်ဆံရေး၊ မိသားစုအရေးစုံလို့ပါပဲ။
ပြဿနာတွေနဲ့
ကြုံတွေ့လာတိုင်း "ကိုင်တွယ်ဖြေရှင်းတတ်သလား၊ ရှောင်လွှဲ သွားတတ်လား၊
လျစ်လျူရှုတတ်လား၊ တာဝန်ခံတတ်လား" ဆိုတာကို လေ့ လာကြည့်ရင်လူတစ်ယောက်မှာ
ခေါင်းဆောင်စိတ်ဓါတ်ရှိမရှိဆိုတာကို အကဲခတ်လို့ ရနိုင်ပါတယ်။
ခေါင်းဆောင်မှန်ရင် ပြဿနာရှာရမယ်
စာရေးသူရဲ့ခေါင်းဆောင်မှုသင်တန်းမှာ သင်တန်းသားတစ်ယောက် ကမေး ခဲ့ဖူးပါတယ်။
"ခေါင်းဆောင်အမြန်ဖြစ်ရေးနည်းလမ်းလေး သိပါရစေ" တဲ့။ တကယ်တော့
စစ်မှန်တဲ့ခေါင်းဆောင်မှုမှာ ဖြတ်လမ်းတို့၊ နည်းတို တို့မရှိ ပါဘူး။
နောက်ပြီးခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ဆိုတာ တစ်ရက် တည်းနဲ့ မရနိုင်ပါဘူး။
နေ့စဉ်နေ့တိုင်းလေ့ကျင့် ပျိုးထောင်ယူသွားရတာပါပဲ။
ဒါပေမယ့်
ကိုယ့်ကိုခေါင်းဆောင်အဖြစ်အမြန်ဆုံး အသိအမှတ်ပြုတာ ခံချင် တယ်ဆိုရင်တော့
ပြဿနာတစ်ခုကိုတာဝန်ယူပြီး ဖြေရှင်းပေး လိုက်နိုင် တာပါပဲ။ ဟုတ်ပါတယ်။
ပြဿနာဖြေရှင်းနိုင်ခြင်း (Problem Solving) ဟာ
ခေါင်းဆောင်မှုအမြန်ဆုံးရနိုင်တဲ့နည်းလမ်းတစ်ခုလို့ သတ်မှတ်နိုင် ပါတယ်။
ဒါကြောင့်ဒီသင်တန်းသားကို "အမြန်ဆုံး ခေါင်းဆောင်ဖြစ်ချင်တယ် ဆိုရင်တော့ ပြဿနာရှာနိုင်ရမယ်" လို့ အဖြေပြန်ပေးခဲ့ပါတယ်။
"ဘယ်လို -ခေါင်းဆောင်ဖြစ်ချင်ရင် ပြဿနာရှာရမယ်။ ဟုတ်လား" ဟုတ်ပါ တယ်။
ဒါနောက်တာမဟုတ်ပါဘူး။ အမြန်ဆုံး ခေါင်းဆောင် ဖြစ်ဖို့ဆိုရင် အရင်ဆုံး
ပြဿနာရှာရပါမယ်။ ရှာလို့တွေ့တာနဲ့ ရှင်းဖို့ကို တာဝန်ယူရပါလိမ့် မယ်။
ဒါဟာခေါင်းဆောင်တိုင်း လုပ်ကိုလုပ်ရမယ့် အချက်ပါပဲ။ လူတွေ
ရဲ့ပြဿနာတွေဖြေရှင်းပေးနိုင်တဲ့သူတွေဟာ ခေါင်း ဆောင်ကြီးတွေ၊
စီးပွားရေးစွမ်းဆောင်ရှင်ကြီးတွေ၊ အောင်မြင်ကျော်ကြား သူတွေ ဖြစ်လာ
တတ်ကြပါတယ်။
လူတွေမှာဘာပြဿနာတွေရှိနေသလဲ။ ဒါကို ဖြေရှင်းပေးနိုင်ပြီ
ဆိုရင်တော့ လူတွေကသင့်ကိုအသိအမှတ်ပြုလက်ခံလာကြမှာပါပဲ။ပြဿနာ တွေကို
ရှာဖွေတွေ့ရှိပြီး ဖြေရှင်းဖို့အတွက်တီထွင်ဖန်တီးရာကနေ လူတွေကို အ
လင်းရောင်ပေးနိုင်ခဲ့သူ၊ လူတွေကိုကောင်းကင်ပေါ် သွားလာစေနိုင်ခဲ့သူ၊
လူတွေကို လွယ်ကူတဲ့ ထုတ်ကုန်ပစ်္စည်းတွေ ထုတ်လုပ်ပေးနိုင်ခဲ့သူ စသဖြင့်
ကမ္ဘာကြီးအတွက်ပြဿနာတွေကိုဖြေရှင်းပေးပြီး ကမ္ဘာကျော် တွေဖြစ်လာ
ကြတာအများအပြားပါပဲ။လူသားတွေရဲ့အခက်အခဲပြဿနာ တွေကိုရှာဖွေဖြေ
ရှင်းပေးလို့သမိုင်းတွင်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတွေ၊
ဘာသာရေးခေါင်းဆောင်ကြီးတွေ၊ စီးပွားရေးခေါင်းဆောင်ကြီးတွေ၊ပညာရှင်
ကြီးတွေလည်းအများကြီးရှိခဲ့ပါတယ်။
ပြဿနာဖြေရှင်းမှု အရွယ်အစား နှင့် ခေါင်းဆောင်မှု အရွယ်အစား
ပြဿနာအရွယ်အစား (Problem Size) ပေါ်မှာမူတည်ပြီး ခေါင်း ဆောင်မှု အရွယ်အစား
(Leadership Size) ဟာ ပြောင်းလဲကွာခြားတတ်ပါတယ်။ ကိုင်တွယ်ဖြေရှင်းတဲ့
ပြဿနာပေါ်မှာလိုက်ပြီး ခေါင်းဆောင် အရည် အသွေးတွေနဲ့ ခေါင်းဆောင်အဆင့်တွေဟာ
ကွာခြားသွားတတ်ပါတယ်။
မိသားစုတစ်စု၊
အိမ်ထောင်တစ်ခုရဲ့ပြဿနာလောက်ကိုသာ ဖြေရှင်းပေးနိုင် ရင်အိမ်ထောင်ဦးစီး
(Family Leader) အဆင့် ခေါင်းဆောင်သာ ဖြစ်ပြီး တိုင်းပြည်နိုင်ငံတစ်ခုရဲ့
ပြဿနာကို ကိုင်တွယ်ဖြေရှင်းပေးနိုင်သူ ကတော့နိုင်ငံခေါင်းဆောင် (National
Leader) အဆင့် ဖြစ်ပါလိမ့်မယ်။ သတ္တ၀ါတွေအားလုံးသံသရာ
ဝဋ်ဆင်းရဲကလွတ်မြောက်ရေး ပြဿနာ ကြီးကိုသစ္စာလေးပါးတရားနည်းလမ်းတွေနဲ့
ဖြေရှင်းနိုင်ဖို့ဟောကြားပေးခဲ့ လို့ မြတ်ဗုဒ္ဓဟာ လောကသုံးပါးရဲ့ခေါင်းဆောင်
(Universal Leader) ဖြစ် လာတာပါ။
ဒါကြောင့်
ပြဿနာကြီးကြီးကိုရှာပြီးဖြေရှင်းပေးနိုင်လေလေ ခေါင်း
ဆောင်ကြီးကြီးဖြစ်လေပါပဲ။ ပြဿနာကိုလည်းမရှာဖွေနိုင်၊ ရှာဖွေနိုင်လည်း မဖြေ
ရှင်းပေးနိုင်ရင်ခေါင်းဆောင်ဖြစ်ဖို့ ဝေးနေပါဦးမယ်။ ဒါကြောင့် ပြဿနာ
ဆိုတဲ့အရာဟာ အောင်မြင်တိုးတက်စေမယ့်အရာ၊ လူတွေကို စွမ်းဆောင် ရည်
တက်လာစေမယ့်အရာ၊ ခေါင်းဆောင်တစ်ယောက်ဖြစ် ပေါ်လာစေ
မယ့်အရာ၊ထင်ရှားကျော်ကြားသူတစ်ယောက်ဖြစ်လာစေမယ့် အရာလို့
ရှုမြင်စေချင်ပါတယ်။
ဒီလောက်ဆိုရင်ပြဿနာကိုအပြုသဘောနဲ့
ကြည့်မြင်တတ်လာပြီလို့ ထင်ပါ တယ်။ ဒီလိုမှန်ကန်တဲ့အတွေးနဲ့ ပြဿနာကို
မြင်နိုင်တာဟာ ခေါင်း ဆောင် တစ်ယောက်ရဲ့ အရည်အချင်းတစ်ခုပါပဲ။
ကျွန်တော်တို့တွေဟာ အခက် အခဲတွေ၊ ပြဿနာတွေဆိုရင်မလိုချင်ကြပါဘူး။
အခက်အခဲမရှိ ဖို့၊ ပြဿနာ မဖြစ်ဖို့ကိုသာလိုချင်ကြပါတယ်။
"အမှန်တော့ပြဿနာရှိတာဟာပြဿနာမဟုတ်ပါဘူး။ အဖြေမရှာ နိုင်တာကသာ အဓိကပြဿနာပါ။"
"ပြဿနာတွေကြောင့်ပြဿနာတက်တာမဟုတ်ပါဘူး။ မဖြေရှင်း ကြလို့ သာ ပြဿနာတက်တာဖြစ်ပါတယ်။"
ဒါကြောင့်ခေါင်းဆောင်တိုင်းပြုလုပ်ရမယ့်အရာကတော့ ပြဿနာရှာပြီး၊
ပြဿနာကိုဖြေရှင်းတာပဲဖြစ်ပါတယ်။ ပြဿနာတွေအပေါ်
ခေါင်းဆောင်တွေရှုမြင်ကြတဲ့အကြောင်းကိုဖော်ပြခဲ့ပြီး ဖြေရှင်းပုံနည်းလမ်း
ကောင်းတွေကိုတော့လာမယ့်အပတ်မှာရေးသားဖော်ပြပေးမှာဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမည်။
Credit >>> ဖူးကျော်ဇင် (Future Wave)
JOB Seekers Journal Vol.2,No.40